မင်းလှမြို့၌ တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မန်းသံပုရာကန် ရေနံချက်စက်ရုံရှိ နေအိမ်လိုင်းခန်းများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

အထက်မင်းလှ မတ် ၆ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မန်းသံပုရာကန် ရေနံချက်စက်ရုံရှိ နေအိမ်လိုင်းခန်းများအား မတ်လ ၅ ရက်နေ့ညနေ ၃ နာရီ ၁၀မိနစ်က မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ သံပုရာကန်ကျေးရွာရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံ၏ အနောက်ဘက်ခြမ်းတွင် တောမီးလောင်ရာမှတစ်ဆင့် စက်ရုံအတွင်း အမှတ်(၈၀၀ စကေး)၊ အမှတ်(၁)ရပ်ကွက်၊ အရာရှိလိုင်းခန်း တစ်ထပ်လုံးချင်းအိမ်များ ဘက်သို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးကူးစက် လောင်ကျွမ်းမှုကြောင့် လက်ရှိလူနေထိုင်သည့် လုံးချင်းတစ်ထပ် နေအိမ်(၃)လုံး၊ လူနေထိုင်ခြင်းမရှိသည့် လုံးချင်းတစ်ထပ်နေအိမ်(၁)လုံး၊ ဧည့်ရိပ်သာ(၂)လုံးတို့ မီးလောင်ပျက်ဆီးခဲ့သည်။ အဆိုပါ မီးလာင်မှုဖြစ်ပွားရာသို့ မင်းလှ၊ မကွေး၊ မင်းဘူးတို့မှ မီးသတ်ယာဉ်(၁၀)စီး၊ရေသယ်ယာဉ် ၅ စီး၊မင်းလှတပ်နယ်မှ တပ်မတော်မီးသတ်ယာဉ် ၅ စီး တို့ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မလွန်တပ်နယ်မှ အရာရှိစစ်သည်များက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ ညနေ ၅ နာရီတွင် မီးငြိမ်းသွားခဲ့ ကြောင်းသိရသည်။ မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။ မြို့နယ်ပြန်/ဆက်