ဟားခါး မတ် ၃
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို မတ်လ ၃ရက်နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်နိုင်အောင် နည်းအမျိုးမျိုးဖြင့်ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ မရှိစေရေး ကြပ်မတ်ရန်နှင့် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဉပဒေများ၊ အမိန့်ညွှန်ကြားချက်များ လိုက်နာရမည် ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်ရမည့် တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းအလိုက် ရန်ပုံငွေများ ထုတ်ယူနိုင်ရေးအတွက် သတ်မှတ်သည့် မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ဥပဓိရုပ်မကောင်းသည့် ကျောင်းများ အချိန်မီပြုပြင်နိုင်ရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လိုအပ်သည့် စီမံချက်များရေးဆွဲတင်ပြရန် အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် ကောင်စီဝင်များက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာန အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)