မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ၌ အလင်းသစ်စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

မော်လိုက် မတ် ၃ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ၌ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရေး အတွက် ရည်ရွယ်၍ တပ်ကုန်းကျေးရွာ ဓမ္မပါလကျောင်းတိုက်ဆရာတော်များ ဦးဆောင်၍ မျိုးဆက်သစ်ပရဟိတအဖွဲ့တို့ ပူးပေါင်းပါဝင် ဆောက်လုပ်ခဲ့သည့် အလင်းသစ် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက် ရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဆရာတော်သံဃာတော်များက စာကြည့်တိုက်တွင် အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တပ်ကုန်းကျေးရွာ ဓမ္မပါလကျောင်းတိုက်ဆရာတော် ဦးဓမ္မပိယ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးဇေယျာဝင်း တို့က အလင်းသစ် စာကြည့်တိုက် အဆောက် အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ များ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် စာကြည့် တိုက်ရေရှည်တည့်တံ့ခိုင်မြဲရေး သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့ကြ သည်။ ထို့နောက် မျိုးဆက်သစ်ပရဟိတအဖွဲ့မှ အလင်းသစ်စာကြည့်တိုက်အတွက် မတည်ရန်ပုံငွေ ကျပ်(၃၀)ကိုလည်းကောင်း၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိမှ ထောက်ပံ့လှူဒါန်းသည့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းခဲ့ကြရာ စာကြည့် တိုက်ကြီးကြပ်မှု ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးတို့က လက်ခံရယူခဲ့ကြသည်။ အဆိုပါ တပ်ကုန်းကျေးရွာ အလင်းသစ်စာကြည့်တိုက် အဆောက်အဦသစ်ကို ကုန်ကျငွေ ကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား(၃၀)ပေ၊ အနံ(၂၀)ပေရှိ သွပ်မိုး၊နံကပ်၊ နှစ်ထပ် အဆောက်အဦ ဖြစ်ကြောင်း၊ စာအုပ်စာစောင် (၁၀၀၀)အုပ်ခန့်ကို ဝယ်ယူစုဆောင်းထားပြီး စာအုပ် စာစောင်တိုးပွား ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ကုန်းကျေးရွာ ဓမ္မပါလကျောင်းတိုက် ဆရာတော်ထံမှ သိရသည်။ မော်လိုက် (ပြန်/ဆက်)