ချောင်းဦး ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ မြေနေရာအနည်းငယ်နှင့် မြေအောက်ရေ အသုံးပြုကာ ဂန္ဓမာပန်း စိုက်ပျိုး လုပ်ကိုင်နေသူများ နေ့စဉ်ဝင်ငွေရရှိ အဆင်ပြေနေကြောင်း သိရသည်။
ရွှေကူကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စုမှ ကျေးရွာများရှိ တောင်သူများသည် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းအဖြစ် ရာသီပေါ် သီးနှံစိုက်ခင်းများ၊ ပန်းစိုက်ခင်းများ စိုက်ပျိုး၍ ကိုဗစ်ဖြစ်ပွားနေစဉ် ကာလအတွင်း မိသားစုဘဝများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ရွှေကူကျေးရွာအုပ်စု၊ သောတာပန်ကျေးရွာတွင် နေထိုင်ပြီး မြေနေရာအနည်းငယ်ဖြင့် ဂန္ဓမာပန်း စိုက်ခင်းစိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူဦးချစ်ကိုကိုက “ဂန္ဓမာပန်းကို စိုက်ပျိုးလာတာ ၇ နှစ်ကြာပြီဖြစ်ကြောင်း၊ ပထမဆုံးစိုက်ပျိုးသည့် နှစ်တွင်ပန်းမျိုးကို ဝယ်ယူခဲ့ရကြောင်း၊ နောက်နှစ်များတွင် မျိုးဝယ်ရန် မလိုအပ်တော့ဘဲ မိမိစိုက်ပျိုးထားသော ပန်းခင်းမှမျိုးပြန်ရရှိကြောင်း၊ စိုက်ပျိုးထားသည့် ပန်းပင်မှာလည်း ပန်းနှစ်ကြိမ်ခူး ရောင်းချရကြောင်း၊ မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးကြောင်း၊ မြေဆွေးနှင့် သဘာဝမြေသြဇာကို အသုံးပြု ကြောင်း၊ ကိုဗစ်ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ရောင်းအားအနည်းငယ် ကျဆင်းကြောင်း၊ ပန်းစိုက်ပျိုးသည် ကို သိရှိနေသည့် ဖောက်သည်များ၊ လက်လီလာဝယ်သူများက အိမ်ကို လာဝယ်ယူကြသဖြင့် နေ့စဉ် ဝင်ငွေရရှိကြောင်း၊ မြေနေရာအနည်းငယ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့်အတွက် အဆင်ပြေ ကြောင်းပြောကြားသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ရာသီအလိုက်၊ စပါး၊ ဂျုံ၊ ကြက်သွန်၊ ပြောင်း၊ ဖရဲ၊ သခွါး၊ ကုလားပဲနှင့် ပန်းစိုက်ခင်းများ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)