ပုလဲမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး အဆောက်အဦးသစ် ဆောက်လုပ်နေမှုအား လုပ်ငန်း အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

ပုလဲ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး အဆောက်အဦသစ်ကို ခွင့်ပြုရန်ပုံငွေကျပ် ၆၉ သန်းဖြင့် သံလွင်ကြယ်စင်ကုမ္ပဏီက တာဝန်ယူ၍ ဆောက်လုပ် လျက်ရှိရာ လုပ်ငန်း အရည်အသွေး ပြည့်မီစေရေးအတွက် ဖေဖော်ဝါရီ  ၂၄ ရက်၊ ညနေ ၄ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စီမံကိန်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံး  ဦးစီးအရာရှိ ဦးညီညီနှင့် မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုလဲမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းသော်က  “  မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲရုံး အဆောက်အဦသစ်ကို  ခွင့်ပြုရန်ပုံငွေကျပ်  ၆၉ သန်းဖြင့် သံလွင်ကြယ်စင် ကုမ္ပဏီက တာဝန်ယူ၍ ဆောက်လုပ် လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နဲ့ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးအဖွဲ့မှာ ပါဝင်တဲ့  ဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်း   ကိုက်ညီမှုရှိရေး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများရဲ့ အရည်အသွေး ပြည့်မီစေရေးတို့ကို    စေတနာထား ဆောင်ရွက် ပေးရန် လိုကြောင်း   သံလွင် ကြယ်စင် ကုမ္ပဏီမှ  တာဝန်ရှိသူများအား မှာကြားခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ပုလဲမြို့၊   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး  အဆောက်အဉီသစ်သည်  အလျား  ၅၀ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေရှိသည့် RC တစ်ထပ်  အမျိုးအစားဖြစ်ပြီး  ရုံးအဆောက်အဉီသစ် ဆောက်လုပ်ခြင်း လုပ်ငန်းအပါအဝင် ၂ ခန်းတွဲအိမ်သာ တစ်လုံး၊၂လက်မရေတွင်း တစ်တွင်း၊ဂါလံ ၁၀၀၀ဆံရေကန်၊ Chain Link (၃၄၃)ပေ၊ အုတ်တံတိုင်း (၁၁၁) ပေနှင့် သံပန်းတံခါး (၁၂)ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်  ၆၉ သန်းဖြင့်  သံလွင် ကြယ်စင် ကုမ္ပဏီမှ   တာဝန်ယူဆောင်ရွက်ခြင်း  ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)