ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ဟားခါး ဖေဖော်ဝါရီ ၂၅ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟားခါးမြို့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က အမှာစကား ပြောကြားခဲ့ကြပြီးနောက် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ စစ်ဗျူဟာအခြေချ(ဟားခါး) စစ်ဗျူဟားမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးတို့က ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လက်ရှိအုပ်ချုပ်ရေး အခြေအနေများ၊ ကိုဗစ်-၁၉ ဆိုင်ရာ စံသတ်မှတ်ချက်၊ လမ်းညွှန်ချက်များကို ရှင်းလင်း ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိတ်ဆက်ခြင်း၊ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပေးကာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် တို့က အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)