မြောင်းမြ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နေ့လယ်၂နာရီကမြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသောင်းတင်ထွေး က အဖွင့်အမှာ စကား ပြောကြားပြီး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက အချင်းချင်းမိတ်ဆက်၍ လုပ်ငန်း လိုအပ်ချက်များ တင်ပြ ဆွေးနွေးခဲ့ကြသည်။၄င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က တိုင်းစီမံအုပ် ချုပ်ရေးကောင်စီ၏ မှာကြားချက်များ ပြောကြားရာတွင် ရုံးတက်နေသည့်ဝန်ထမ်းများအား CDM ပြုလုပ်ရန် လှုံ့ဆော်နေမှု များရှိကြောင်း၊ ဝန်ထမ်းနှင့် ၄င်း၏မိသားစုဝင်များကိုပါ ဖိအားပေးမှုများ ရှိနေကြောင်း၊ ယခုအချိန်သည် ကိုဗစ်−၁၉ရောဂါနှင့်နိုင်ငံရေးအခက်အခဲများကို ကျော်လွှားနေချိန်ဖြစ်၍ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုကြောင်း၊ ဝန်ထမ်းငယ်များအားလည်းပကတိအခြေအနေများကိုချပြဆွေးနွေးပေး ရန်လိုကြောင်း၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဌာနအလိုက် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးကိုဌာန များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်မိခင်ဌာန၏ လုပ်ငန်းတာဝန် များကို အောင်မြင်အောင် ဆောင်ရွက်သကဲ့သို့ အစိုးရ၏ တာဝန်ပေးအပ်မှုများ မူဝါဒများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ဒုရဲမှူးမောင်မောင်စိုး က (၁၆−၂−၂၀၂၁) ရက်နေ့က မြောင်းမြ အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့မှုအခြအနေများကို ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်းက တပ်မတော်တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြောင်းမြခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ညနေ (၃:၄၅)တွင်ရုပ်သိမ်းခဲ့ပါသည်။
စန္ဒာကြည်(မြောင်းမြ)