လွိုင်ကော် ဖေဖော်ဝါရီ ၁၈
ကယားပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၊ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် ဒေသကိုယ်စားပြုသူတစ်ဦး ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီရွေးချယ် ဆောင်ရွက်ကြဖို့လိုအပ်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် မိမိအနေဖြင့် ပြည်နယ် အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အဓိက အလေးထား လုပ်ဆောင်သွား မှာဖြစ်ကြောင်း ၊ လက်ရှိဆောင်ရွက်နေကြသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း အရှိန်မပျက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဘတ်ဂျက်တွေ သုံးစွဲ ရာမှာလည်း ဥပဒေများနဲ့အညီ သုံးစွဲဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အစည်းဝေးသို့ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင် / မြို့နယ် စီမံ အုပ်ချုပ် ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်မည့် ဒေသကိုယ်စားပြုသူတစ်ဦး ရွေးချယ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြဆောင်ရွက်ခဲ့သည်။
ဒေသကိုယ်စားပြု အမည်စာရင်းများအား ခရိုင်၊ မြို့နယ်အလိုက် တင်ပြချက်များအပေါ် မူတည်ပြီး ဆုံးဖြတ်အတည်ပြု ပေးသွားမှာ ဖြစ်ကြောင်းနှင့် ဆောင်ရွက်နိုင်မှုရှိမရှိ မှန်ကန်စွာရွေးချယ်ရန် လိုကြောင်းဖြင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ ၊ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)