၂၀၂၁-ခုနှစ်၊ (၇၄) နှစ်မြောက် နိုင်ငံတော်အလံတင် အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့ အခမ်းအနား မုံရွာမြို့၌ ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန် လွတ်လပ်ရေးကျွန်းပေါ်ရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် ယနေ့ နံနက်ပိုင်းက ၂၀၂၁-ခုနှစ်၊ (၇၄) နှစ်မြောက် နိုင်ငံတော်အလံတင် အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို နံနက်(၅)နာရီခွဲက အဆိုပါ လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့နှင့် တာဝန်ရှိသူများက နိုင်ငံတော်အလံ တင်၍ အလေးပြုခဲ့ကြသည်။

ဆက်လက်ပြီး နံနက်(၇)နာရီတွင် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်၌ ၂၀၂၁-ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော ၂၀၂၁-ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ဖတ်ကြားခဲ့ပြီး လွတ်လပ်ရေးကျွန်းနှင့် ပြည်ထောင်စုကျွန်းကဗ္ဗည်းဆိုင်းဘုတ်များအား အမွှေးနံသာရည်များကို တာဝန်ရှိသူများနှင့် အတူ အမွှေးနံ့သာရည်များပတ်ဖျန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)