မုံရွာ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ၁ဝ ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ မြို့နယ်များရှိ ကျေးရွာ ပေါင်း ၁၄၃၇ ရွာ၌ စစ်ဆေးစဉ် ကျေးရွာ ၂၄၀ ကျော်တွင် ၎င်းတို့ အသုံးပြုလျက်ရှိသော ရေအရင်းအမြစ် များ၌ E-coli Bacteria များ သတ်မှတ်ရာခိုင်နှုန်းနှင့် ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ စစ်ဆေးမှု မှတ်တမ်းများအရ သိရသည်။
“ မြို့နယ်ငါးခုမှာတော့ မစစ်နိုင်သေးဘူး။ အခုလောလောဆယ် ၁၄၃၇ ရွာကို စစ်ဆေးခဲ့တာ ဖြစ်တယ်။ ကျန်တဲ့ကျေးရွာတွေကိုလည်း အခု ဆက်ပြီးတော့ စစ်ဆေးနေတယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက စပြီးတော့ စစ်ဆေးနေတာဖြစ်တယ်။ အခုဘဏ္ဍာနှစ်အကုန်တော့ တစ်တိုင်းလုံးစစ်ဆေးလို့ပြီးမှာ ဖြစ်တယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ရုံးချုပ်ကို တင်ပြပေးထားတယ်။ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်များ၌ သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်နေသည့် ကျေးရွာများအနေဖြင့် မုံရွာခရိုင်အတွင်း မြို့နယ်လေးခုရှိကျေးရွာ ၁၇ ရာတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင် အတွင်း မြို့နယ်သုံးခုရှိ ကျေးရွာ ၃၀ တွင်လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း မြို့နယ်ခြောက်ခုရှိ ကျေးရွာ ၄၁ တွင်လည်းကောင်း၊ ကသာခရိုင်အတွင်း မြို့နယ်လေး မြို့နယ်ရှိ ကျေးရွာ ၄၃ ရွာတွင် လည်းကောင်း၊ ကောလင်းခရိုင် အတွင်း မြို့နယ်နှစ်မြို့နယ်ရှိ ကျေးရွာ ၂၇ ရွာတွင် လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာ ၃၇ ရွာတွင်လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း မြို့နယ်လေးခုရှိ ကျေးရွာ ၂၅ ရွာတွင်လည်းကောင်း၊ ကလေး ခရိုင်အတွင်း မြို့နယ်သုံးခုရှိ ကျေးရွာ ၁၁ ရွာတွင်းလည်းကောင်း၊ တမူးခရိုင်အတွင်း တမူးမြို့ နယ်ရှိ ကျေးရွာရှစ်ရွာတွင် လည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း မြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လည်းကောင်း၊ စုစုပေါင်းကျေးရွာ ၂၄၁ ရွာတွင် E-coli Bacteria များ သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်နေကြောင်းကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
E-coli Bacteria များသည် မိလ္လာကျင်းများနှင့် အသုံးပြုသည့် အဝီစိရေတွင်းများနှင့် နီးကပ်ခြင်း၊ အညစ် အကြေးများ ပါလာနိုင်သည့် မြစ်၊ ချောင်း၊ အင်းအိုင်များ၏ ရေအရင်းအမြစ်များတွင် တွေ့ရှိရနိုင်ကြောင်း၊ ယင်းရေအရင်းအမြစ်များကို သုံးစွဲခြင်းကြောင့် E- coli Bacteria များ လူသို့ ကူးစက်နိုင်ပြီး လက္ခဏာများအနေဖြင့် ဝမ်းပျက်ဝမ်းလျှောမှုဖြစ်ခြင်း၊ ဝမ်းများတွင် သွေးပါခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဆီးလမ်းကြောင်းသို့ ရောက်ရှိပါက ဆီးမထိန်းနိုင်ခြင်း ဆီးသွားရခက်ခဲခြင်း၊ နာကျင်ခြင်းတို့ ကိုခံစားရနိုင်ပြီး ပြင်းထန်ပါကအသက် အန္တရာယ် ထိခိုက် နိုင်သည်အထိ ဖြစ်နိုင်ကြောင်း ပညာရှင်များက မှတ်ချက်ပြုထားသည်။
ဝင်းဦး(ဇေယျာတိုင်း)