ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

ဝန်းသို  ဖေဖော်ဝါရီ  ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အရေးနှင့်မိသားစု ဝင်ငွေတိုးစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းတွင် လုံချည်ပတ်လည် ဒေါက်မျိုးစုံထည့်နည်း ဘောင်းဘီချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ ခါးတိုအင်္ကျီချုပ်နည်း ခါးရှည်ရင်စေ့ လက်စကချုပ်နည်း၊ ခါးရှည်ရင်ဖုံး လက်စကချုပ်နည်း၊ အမျိုးသား လက်ရှည်အင်္ကျီချုပ်နည်း၊ ရှပ်ကော်လံ အင်္ကျီချုပ်နည်းစသည့် ဘာသာရပ်၁၂ ခု သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သင်တန်းကာလတစ်လ သတ်မှတ်သင်ကြားပေးလျက်ရှိကြောင်း၊ ကင်းမြင်သာကျေး ရွာအုပ်စုနှင့်အနီး ကျေးရွာများမှ သင်တန်းသားတစ်ဦး၊ သင်တန်းသူ ၃၉ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဘောင်းဘီချုပ်နည်းသင်ခန်းစာ ပြီးမြောက်၍ သင်တန်းသား သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် ဘောင်းဘီတိုများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မွှေးကြူဇင်