ဝန်းသို ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ခပ်ချိုကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် (ရေရရှိရေးလုပ်ငန်း) လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့က အောင်မြင်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၈၈ အိမ်၊ လူဦးရေ ၄၃၇ ဦးတို့အတွက် ရာသီမရွေးသောက်သုံးရေ ရရှိသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ယင်း(ရေရရှိရေးလုပ်ငန်း) လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ဘတ်ဂျက်ငွေကျပ် ၁၂ ဒသမ ၇၅ သန်းဖြင့် သိန်းသန်းရတီကုမ္ပဏီက ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၀၀၀ ဆံ့ရေကန်တစ်ခု၊ အလျား ၁ဝ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ရှစ်ပေရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း လုပ်ငန်းတို့ကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဝန်းသိုမြို့နယ်တွင် ရေရရှိရေး လုပ်ငန်းများကို ခပ်ချို ကျေးရွာ၊ ဒုန်းဒုတ်ကျေးရွာ၊ ချမ်းမြသီတာကျေးရွာ၊ နောင်ကွင်းကျေးရွာ၊ ကျူးတောကျေးရွာ၊ အင်းပုဒ်ကုန်း ကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာစသည့် ကျေးရွာပေါင်း ခုနစ်ရွာတို့တွင် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက် တင်ဒါအောင်မြင်ငွေကျပ် စုစုပေါင်း ၇၅ သန်းဖြင့် သက်ဆိုင်ရာကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ အောင်မြင်ပြီးစီးပါက အိမ်ခြေပေါင်း ၅၉၄ အိမ်၊ လူဦးရေ ၃၀၀၄ ဦးတို့အတွက် ရာသီမရွေး သန့်ရှင်းသောသောက်သုံးရေကို ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)