ဂန့်ဂေါ ဖေဖော်ဝါရီ ၉
ဒေသကြက်များကို ဂန့်ဂေါမြို့နယ်တွင် အစာကိုကြုံသလိုကျွေးကာ နေအိမ်များတွင် ဟင်းစားအဖြစ်သာ ရှေးယခင်ကစ၍ မွေးမြူလာကြသည့် အစဉ်အလာ သာရှိခဲ့သော်လည်း ယခုအခါ ကြီးထွားနှုန်းကောင်းရန်နှင့် တွက်ခြေကိုက်ရန် စနစ်တကျ မွေးမြူမှုရှိလာကြကြောင်း သိရသည်။
"စတင်မွေးမြူတဲ့အချိန်ကစပြီး ရောင်းတန်းဝင်အထိ ရက် ၁၀၀ အတွင်း အစာဖိုးငွေကျပ် ၃၀၀၀ အထိသာ ကုန်ကျမှုရှိပါတယ်။ အစာများကို ပုစွန်ဖြူ၊ ငါးခြောက်မှုန့်၊ နှမ်းဖတ်မှုန့်၊ ပြောင်းဖူးမှုန့်၊ ဆန်ကွဲ၊ ဖွဲ့ စသည်တို့ကို ကျွေးပါတယ်။ ရက် ၁၀၀ လျှင် ပျမ်းမျှအလေးချိန် ၈၀ သား ထွက်ရှိ နိုင်ပါတယ်” ဟု စိုင်ဒူးကျေးရွာမှ ဒေသကြက်မွေးမြူသူ ကိုအောင်မင်းခန့်က ပြောသည်။
ထို့အပြင် မွေးမြူထားသည့်ကြက်များကို မနက်ပိုင်း ၉ နာရီဝန်းကျင်နှင့် ညနေ ၄ နာရီဝန်းကျင် တို့တွင်သာ အစာကျွေးရန်လိုအပ်ကြောင်း၊ မွေးမြူလိုသူများ အတွက် ကြက်အရွယ်အစားအလိုက် ဈေးနှုန်းသတ်မှတ် ရောင်းချပေးလျက်ရှိပြီး ကြက်များတွင် ကျရောက်တတ်သည့် ရောဂါများ အတွက် ကြိုတင်ကာကွယ် ဆေးတိုက်ကျွေးခြင်းကိုလည်း ဆောင်ရွက်ကြောင်း သိရသည်။
ကျော်သန်းဆွေ