ဒီးမော့ဆို ဖေဖော်ဝါရီ ၅
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန် အတွက် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း (၄/၂၀၂၁) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဒေါတော်ကူးကျေးရွာ အုပ်စု ဒေါဘူးခိုကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က ကျေးလက်ဒေသရှိ လူငယ်လူရွယ်များအနေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်အတွက် ဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိပြီး ဒီးမော့ဆို မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်း(၇)ကြိမ် ဖွင့်လှစ်သင်ကြား ပေးနိုင်ရန် လျာထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူး ဦးစောဒီးဒီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ တက်ရောက်သည့် သင်တန်းသူ ၃၀ ဦးအား ရင်ဖုံး၊ ရှပ်၊ ဘလောက်စ်၊ ဝမ်းဆက်နှင့် ကုတ်အင်္ကျီချုပ်နည်း၊ ကလစ် ပြုလုပ်နည်း၊ မာဖလာနှင့် ဘောင်တဘက် ထိုးနည်းများကို သင်တန်းနည်းပြ ၂ ဦး က ဖေဖော်ဝါရီ ၅ ရက်မှ မတ် ၂၁ ရက်ထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)