ဟားခါး ဖေဖော်ဝါရီ ၅
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂ရက် နံနက် ၆နာရီ မိနစ် ၁၅ မိနစ်အချိန်ခန့်က လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှတစ်ဆင့် အပူလွန်ကဲပြီး လူနေအိမ်(၂)လုံး မီးလောင်မှု ဖြစ်ပွား၍ လူ(၆)ဦးသေဆုံးခဲ့ခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုအား ယမန်နေ့က ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပစ္စည်းများတွင် မိသားစုအသုံးအဆောင်ပစ္စည်းများ(Family Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား (၁၃)မျိုးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ (Hygiene Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား(၂၀)မျိုးကို ထိခိုက်နစ်နာသည့် အိမ်ထောင်စု(၁)စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးမြှင့် တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခ ကျရောက်သူများအားကူညီရန် စသည့် လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ပြည်သူများအား ကူညီထောက်ပံ့ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း ၊ခရိုင် (ပြန်/ဆက်)