ဒီးမော့ဆို ဖေဖော်ဝါရီ ၅
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂၁)ရွာတွင် စီမံကိန်း ရန်ပုံငွေ (၁၆)ယူနစ် (တစ်ယူနစ်လျှင် ငွေကျပ် ၃၀၀ သိန်း)ဖြင့် လုပ်ငန်းဆောင်ရွက်မူများအပေါ် မြို့နယ်အဆင့် သုံးသပ် ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောဒီးဒီနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဉာဏ်လှိုင် တို့က အမှာစကားပြောကြားကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစုက မြစိမ်းရောင် စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ဆောင်ရွက်ရ ခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာများနှင့် ပထမဆု ရရှိ သော ကုန်းသာကျေးရွာ၊ ဒုတိယဆု ရရှိသော ဒေါတော်ကူးနှင့် ဒေါဆိုကလော ကျေးရွာ၊ တတိယဆု ရရှိသော ဒေါပီတနှင့် ဒေါလျားလီကျေးရွာတို့အား ခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးခြင်း ဆောင်ရွက်ရာ ကျေးရွာများအား အုပ်စု (၃)စုခွဲပြီး စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း၊ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် သက်တမ်းတိုးဆောင်ရွက်သည့် ကိစ္စရပ် များ၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း စသော ခေါင်းစဉ် များဖြင့် ဆွေးနွေးကြပြီး အုပ်စုဖွဲ့ဆွေးနွေးမှု ရလဒ်အပေါ် ပြန်လည် သုံးသပ်ကြကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)