အုတ်တွင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးမှ ကျေးရွာ ကော်မတီဝင်များသို့ လုပ်ငန်းဆောင်ရွက် ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းမှာကြားခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၂၂)ရွာအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ရာ၊ ဘုရားနှစ်ဆူ ကျေးရွာအုပ်စု၊ ဘုရားနှစ်ဆူကျေးရွာ၊ ဝါးတီးကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာတို့မှ ကျေးရွာ မီးလင်းရေးလုပ်ငန်းများ၊ ကျန်ကျေးရွာများမှ ကျေးရွာတွင်း လမ်းကျောက် ရောမြေခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခင်မာ(ပြန်/ဆက်)