ရွှေကျင်မြို့နယ် ဆိပ်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအားကစားကွင်း ဖြစ်ပေါ်လာစေရေး ဆောင်ရွက်

ရွှေကျင် ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာအုပ်စု ဆိပ်ကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဇန်နဝါရီလ တတိယပတ်မှစ၍ အလှူရှင်မိသားစု တစ်စုက ကျောင်းအားကစားကွင်း ဖြစ်ပေါ်လာစေရေးအတွက် ကျောင်းအတွင်း မြေနေရာလွတ်တွင် စက်ကြီးများဖြင့် မြေတူးမြေသယ် မြေညှိခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ကလေးကျေးရွာနေ ဦးသန်းအောင်+ဒေါ်ထိုက်ထိုက်ငယ် (မိသားစု)တို့က ဆိပ်ကလေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) အတွင်း မြေနေရာလွတ်တွင် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာဖြင့် အားကစားလုပ်ငန်းများကို စိတ်အေးချမ်းသာစွာ ကစားနိုင်စေရန် ကျောင်းခြံဝန်းအတွင်း မြေနေရာလွတ် ဒသမ(၇၀)ခန့်ရှိ ဂဝံမြေသားများအား စက်ယန္တယား များဖြင့်‌ မြေတူး၊ မြေသယ်၊ မြေညှိခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းအားကစားကွင်း ပေါ်ထွက်လာစေရေးအတွက် ဆောင်ရွက်ပေးသော အလှူရှင် မိသားစုအား ဆိပ်ကလေးကျောင်းအုပ် ဆရာကြီး ဦးထင်ကျော်လင်းနှင့် ကျောင်းအကျိုးတော်ဆောင်များ ရပ်မိရပ်ဖများက ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိပြီး ကျောင်း အားကစား ကွင်းအတွက် လိုအပ်နေသော အားကစားပစ္စည်းများကို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောကြားခဲ့သည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)