မယ်စဲ့ ဖေဖော်ဝါရီ ၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော နှစ်နှစ်အောက်ကလေးငယ်များ အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လ ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များအတွက် ရက်တစ်ထောင်စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အနာဂတ်၏ သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးအတွက် မိခင်၏ ဝမ်းတွင်းမှစ၍ နှစ်နှစ်အရွယ်အထိ ပြုစုပျိုးထောင်ခြင်းဖြင့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးလာစေရန်၊ သင့်တင့်မျှတသော အစားအစာများ စားသုံးနိုင်စေရန် ထောက်ပံ့ပေး ခြင်း ဖြစ်ရာ ကိုယ်ဝန်ဆောင်များနှင့် မိခင်များအနေဖြင့် ထောက်ပံ့ကြေးများကို အကျိုးရှိရှိ အသုံးချစေလိုကြောင်းနှင့် ယခုလို ထောက်ပံ့ငွေများကို အကျိုးရှိစွာ ဆောင်ရွက်ခြင်းဖြင့် မကြာမီ နိုင်ငံ၏ အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်သန္တာမြင့်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်း ရပ်ကွက်တို့မှ ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး၊ နှစ်နှစ် အောက် ကလေးငယ် ၃၉ ဦး၊ စုစုပေါင်း ၅၁ ဦးအတွက် ငွေကျပ်၂၀၅၅၀၀၀ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)