ကလိန်အောင် ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဇော်မင်းကကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဇော်မင်းနှင့် ဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန် ဦးနှောက်ရောင် ရောဂါပုံမှန် ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်