ကရင်တိုင်းရင်းသားတို့၏ စပါးလိပ်ပြာခေါ်ပွဲ

ဘားအံ ဖေဖေါ်ဝါရီ ၂

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရှေးပဝေသဏီကတည်းက တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် အေးအတူပူအမျှ မှီတင်းနေထိုင်ကြပြီး လူမျိုးတစ်မျိုးစီတိုင်းတွင် ချစ်စဖွယ်ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အမွေအနှစ်များ၊ စာပေဘာသာစကားများနှင့် ကိုးကွယ်ယုံကြည်မှုများရှိကြကာ လွတ်လပ်အေးချမ်းစွာဖြင့် အတူယှဉ်တွဲ နေထိုင်လာကြသည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်ပြီဖြစ်သည်။

            အတူတကွယှဉ်တွဲနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအနက် ဖလံတောင်ဝှေးပေါက်ရာအရပ်တိုင်းတွင် ကရင်လူမျိုးများရှိသည်ဟု ပြောစမှတ်ပြုရလောက်အောင် နိုင်ငံတစ်ဝှမ်းပျံနှံနေထိုင်ကြသည့် ကရင်လူမျိုးများသည် ရှေးဘိုးဘွားဘီဘင်တို့၏  ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် သမိုင်းကြောင်းအစဉ်အလာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်း၍ ရိုးရာဓလေ့ပွဲတော်များကို နှစ်စဉ်ကျင်းပလေ့ရှိရာ မီးပုံပွဲ၊ ချည်ဖြူဖွဲ့မင်္ဂလာ(ခေါ်)လက်ချည်ပွဲ၊ ကရင်နှစ်သစ်ကူးနေ့နှင့်ကောက်သစ်စားပွဲ၊ စပါးလိပ်ပြာခေါ်ပွဲတို့မှာ ထင်ရှားလေသည်။

            ကရင်တိုင်းရင်းသားလူမျိုးများသည် လယ်ယာကိုင်းကျွန်းဥယျာဉ်ခြံမြေလုပ်ငန်းများအပြင် ခေတ်ကာလနှင့် လျော်ညီသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ရိုးသားစွာရပ်တည်ရှင်သန်လေ့ရှိကာ အများစုမှာ စိုက်ပျိုးရေးကို အခြေခံ၍ အသက်မွေးကြလေသည်။

            ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ချို့မှာ ၎င်းတို့၏ နေထိုင်မှုပုံစံ၊ ခေတ်ကာလနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်းရာဇဝင်တို့အပေါ်မှီတည်၍ ဖြစ်ပေါ်လာသည်ဟုလေ့လာမှတ်သားရပြီး လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရိတ်သိမ်းထွက်ရှိလာသော ဆန်စပါးနှင့် ဥယာဉ်ခြံထွက် သီးနှံများကို ဦးဦးဖျားဖျားစားသုံးခြင်းမပြုမီ (သို့မဟုတ်) စားသုံးပြီးသည့်အခါ အသစ်ကိုအဟောင်းပြု၍ ကောက်သစ်စားပွဲ (မတူညီသည့်ဒေသအပေါ်မူတည်၍ )စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။

            ထိုသို့ကျင်းပရခြင်းမှာ ဆန်ရေစပါးပေါများ၍ ငတ်မွတ်ခြင်းနှင့်ရောဂါဘယဘေးကင်းဝေးပြီး လာဘ်လာဘပေါများ ကြွယ်ဝကာ အကျိုးစီးပွားဖြစ်ထွန်းစေလိုခြင်းအလို့ငှါ ဆုတောင်းပဌာနာပြုခြင်းဖြစ်ပြီး ရှေးဘိုးဘွားတို့၏ အယူအဆ ယုံကြည်မှုဖြစ်သော ရိုးရာဓလေ့တို့ကို လက်ဆင့်ကမ်းအမွေ ထိန်းသိမ်းခြင်းလည်း ဖြစ်ပေသည်။

            နေရာဒေသတစ်ချို့၌ ဆန်စပါးနှင့်ကောက်ပဲသီးနှံများရိတ်သိမ်းပြီးချိန်တွင် ကောက်သစ်စားပွဲကို ကရင်နှစ်သစ် ကူးနေ့နှင့် တစ်ပေါင်းတည်းကျင်းပလေ့ရှိကြပြီး နေရာဒေသတစ်ချို့တွင်မူ ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲကို သီးခြားစီကျင်းပကြကာ နေရာဒေသအပေါ်မူတည်၍ ဆန်စပါးနှင့်ကောက်ပဲသီးနှံပေါ်ချိန် မတူညီကြသည့်အတွက် ကွဲပြားခြင်းဖြစ်သည်ဟု မှတ်သားရပြီး ကရင်နှစ်ကူးနေ့နှင့် သီးခြားကျင်းပသည့် ကောက်သစ်စားပွဲကို စပါးလိပ်ပြာခေါ်ပွဲ ဟု ခေါ်ဆိုကြကြောင်း မှတ်သားရပါသည်။

            ကရင်အမျိုးသားများနေထိုင်ရာ နေရာဒေသတိုင်းတွင် စပါးလိပ်ပြာခေါ်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အိမ်ထောင်စု တစ်စုချင်းသော်လည်ကောင်း၊ မိသားစုဆွေမျိုးများစုပေါင်း၍သော်လည်ကောင်း၊ အစုအဖွဲ့အလိုက်သော်လည်ကောင်း ကျင်းပသည့်ဓလေ့ရှိသော်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ ကြာအင်းပေါ်တော်မူတွင်  သံလွင်မြစ်နှင့်ဒုံသမိမြစ်ကြားရှိ ကျေးရွာများစုပေါင်း၍ တစ်မူထူးစွာ စုပေါင်းကျင်းပလေ့ရှိပြီး သံလွင်အရှေ့ခြမ်းရှိ ကျေးရွာများနှင့်ဒုံသမိမြစ်အနောက်ဘက်သထုံမြို့နယ်ရှိကျေးရွာများမှလည်း အတူတကွလာရောက်စုရုံး၍ စပါးဂဋ္ဌုန် တောင်(ခေါ်)ဖူးဟွဲစပါးလှန်းတောင်တွင် စုပေါင်း၍ စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။

            စပါးလိပ်ပြာခေါ်ပွဲသို့ လာရောက်ကြသူများသည် လွယ်ပလိုင်းအတွင်း ဆန်၊ စပါး၊ ကောက်ညှင်း အစရှိသည့် ကောက်ပဲသီးနှံများနှင့် ဥယျာဉ်ခြံထွက် အသီးအနှံများ၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် အမွှေးနံ့သာရည်များ ထည့်သွင်း ယူဆောင်လာကြပြီး ကြာအင်းပေါ်တော်မူဆရာတော်ဘုရားကြီး အဂ္ဂမဟာသဓ္ဓမဇောတိကဓဇဘဒ္ဒန္တနန္ဒသာရအား ဖူးမျှော် ကြည်ညို၍ ဆရာတော်ကြီး၏ ဆုတောင်းမေတ္တာပို့သမှုကို ခံယူကာ စပါးဂဋ္ဌုန်တောင်(ခေါ်)ဖူးဟွဲစပါးလှန်းတောင် ပေါ်ရှိ စပါးကျဉ်စေတီတွင် စပါးလိပ်ပြာ ခေါ်ခြင်းအမှုကို ပြုကြလေသည်။

            စပါးဂဋ္ဌုန်တောင်(ဖူးဟွဲစပါးလှန်းတောင်)ပေါ်ရှိ စပါးကျဉ်စေတီတွင် ၎င်းတို့ယူဆောင်လာသော ဆန်၊ စပါး၊ ကောက်ညှင်းနှင့်ခြံထွက်သီးနှံများကို ဆပ်ကပ်လှူဒါန်းပြီး လာမည့်နှစ်စိုက်ရာသီတွင် စပါးနှင့်ကောက်ပဲသီနှံများ ထွန်ယက် စိုက်ပျိုးရာ၌ အတားအဆီးအခက်အခဲမရှိဘဲ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး၊ ဆန်ရေစပါးနှင့်အစားအစာပေါများ စေရေး၊ ရာသီဥတုကောင်းမွန်မှန်ကန်၍ ငတ်မွတ်ခြင်းနှင့်ဘေးအန္တရာယ်အပေါင်းတို့မှကင်းဝေးကာ ၎င်းတို့၏မိသားစုနှင့် ရပ်ရွာတွင်နေထိုင်သူများ၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများနှင့် ခုနှစ်ရက်သားသမီးများအားလုံး ကျန်းမာရေးကောင်းမွန် ၍ အဖျက်အမှောင့်ပရောဂဘေးမှကင်းဝေးပြီး လိုအင်ဆန္ဒများပြည့်ဝစေခြင်းအလိုငှါ စပါးစောင့်နတ်သမီးနှင့်ဖူးဟွဲတို့ထံ ဆုတောင်းမေတ္တာပို့သကြသည်။

            စပါးလိပ်ပြာခေါ်ပွဲနှင့်ပတ်သက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှုဒုတိယဥက္ကဋ္ဌက “ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့ဟာ ဒီနှစ်ထွက်ပေါ်လာတဲ့ စပါးအသစ်တွေကို ကောက်သစ်စားပွဲစားတော့မယ်(သို့)စားပြီးပြီဆိုရင် စပါးလိပ်ပြာ ခေါ်ပေးရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စပါးဟာလူ့တွေရဲ့အသက်တွေလိုဘဲ လိပ်ပြာရှိတယ်လို့ ရှေးဘိုးဘွားတွေကယူဆ ကြတယ်၊ လူတွေမှာလိပ်ပြာခေါ်သလို စပါးမှာလည်းဘဲ လိပ်ပြာခေါ်ပေးရတယ်၊ ဒါကြောင့်မို့လို့ စပါးပိုးတုံးလုံးတုံးအချိန်မှာ စပါးတွေမလန့်အောင် တစ်ချို့က လယ်ကွင်းထဲမှာ အသံကျယ်ကျယ် ဖြစ်လာမယ့်အရာတွေ၊ စကားကို ကျယ်ကျယ်   လောင်လောင်ပြောဆိုကြတာမျိုးတွေ၊ ပတ်ဝန်းကျင်က သစ်ဝါးတွေကို အသံကျယ်ကျယ်ဖြစ်အောင် လုပ်တာမျိုးတွေကို ရှောင်ရှားကြတဲ့ အယူအဆရှိကြတယ်၊ ကြာအင်းပေါ်တော်မူမှာတော့ ရှေ့ဟောင်းရာဇဝင်နဲ့လာတယ်၊ အစချီပြော ရမယ် ဆိုရင် စပါးစောင့်နတ်သမီး(ဖိဗူးယော်)ကိုကူညီခဲ့ဖူးတဲ့ ဖူးဟွဲဆိုတဲ့လူငယ်လေးကို စပါးစောင့်နတ်သမီးက ပြန်လည် ကြည့်ရှု့စောင့်ရှောက်တဲ့အနေနဲ့ကူညီဖေးမလို့ ဖူးဟွဲဆိုတဲ့လူငယ်လေး လယ်လုပ်တဲ့အခါမှာစပါးတွေအများကြီးရတယ်၊  ဖူးဟွဲ စပါးတွေအရများလို့ သူစပါးလှန်းတဲ့နေရာဟာ တောင်ကြီးတစ်တောင်လိုဖြစ်လာတယ်၊  အဲဒါကြောင့်မို့လို့ အခု စပါးလိပ်ပြာခေါ်ပွဲကျင်းပတဲ့ ဒီတောင်ကို စပါးဂဋ္ဌုန်တောင်(ဖူးဟွဲစပါးလှန်းတောင်)လို့ခေါ်ကြတယ်၊ ဒီစပါးလှန်းတောင်မှာ လာပြီးတော့ စပါးလိပ်ပြာခေါ်ရင် ဆန်ရေစပါးပေါများပြီး အနာရောဂါကင်းတယ်လို့ ဒီဒေသက ဒေသခံတွေကယုံကြည်ကြ တယ်၊ စပါးလိပ်ပြာခေါ်တဲ့အခါ သူတို့ယူဆောင်လာတဲ့ စပါးနဲ့အသီးအနှံတွေကို အိမ်ပြန်ယူသွားပြီး မျိုးအဖြစ်ပြန်ထားကြ တယ်၊ မိုးရာသီရောက်လို့လယ်ပြန်လုပ်တဲ့အခါ အဲဒီမျိုးစပါးဟာပိုထွက်တယ်လို့ သူတို့ယုံကြည်ယူဆကြတယ်၊ တစ်ချို့ ကြတော့ သူတို့ယူလာတဲ့စပါးကို ပြန်ထောင်းပြီး သူတို့စားမယ့်ဆန်အိုးမှာ ပြန်ထားကြတယ်၊ အစားခံတယ်လို့လည်း ယုံကြည်ကြတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒါဟာ သူ့အရပ် သူ့ဒေသရဲ့ ယုံကြည်မှုဓလေ့တစ်ခုဖြစ်တယ် ” ဟု ရှင်းပြသည်။

            စပါးလိပ်ပြာခေါ်ပွဲတွင် ကရင်မုန့်ဟင်းခါး(မုန့်တီ)ဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပြီး ကရင်ရိုးရာအရ စပါးစောင့်နတ် သမီး(ဖိဗူးယော်)သည် ကရင်မုန့်ဟင်းခါး(မုန့်တီ)ကို ကြိုက်နှစ်သက်သကဲ့သို့ ထုံးတမ်းစဉ်လာအယူအဆအရ မုန့်တီကို စားသုံးခြင်း၊လှူဒါန်းခြင်းအားဖြင့် ကျန်းမာ၍အသက်ကိုရှည်စေသည့်အတွက် အဓိကအစားအစာအနေဖြင့် ကျွေးမွေးဧည့်ခံ ခြင်းဖြစ်သည်ဟု သိရသည်။

            ကြာအင်းပေါ်တော်မူတွင် ရှေးရိုးရာအရ စပါးလိပ်ပြာခေါ်ပွဲကို တစ်နယ်လုံး တစ်စုတစ်စည်းတည်းဖြင့် စုပေါင်း ကျင်းပလေ့ရှိကြပြီး ဆရာတော်ဘုရာကြီး၏ ခုနှစ်ရက်သားသမီးများအပေါ် ပို့သသည့်မေတ္တာဓါတ်ကြောင့် ကောက်ပဲသီးနှံ များကြီးထွားဖွံ့ဖြိုး၍ အထွက်နှုန်းပွားများသည်ဟု အယုံအကြည်ရှိကာ ကောက်ပဲသီးနှံအသစ်များ ပေါ်ထွက်ချိန်တွင် ကောင်းမှုကုသိုလ်ကိုစုပေါင်းပြုလုပ်ကြသည့် ဓလေ့တစ်ခုဟုလည်း ဆို၍ရပေသည်။

            ကြာအင်းပေါ်တော်မူဘုန်းတော်ကြီးကျောင်းအနီး စပါးဂဋ္ဌုန်တောင်(ဖူးဟွဲစပါးလှန်းတောင်)ပေါ်ရှိ စပါးကျဉ် စေတီတွင် နှစ်စဉ်လာရောက်၍ စပါးလိပ်ပြာခေါ်လေ့ရှိသော အထက်ကော့ရင်းကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာမှ ဒေါ်ဥ အမည်ရ အသက်(၅၀)ခန့်ရှိ အမျိုးသမီးတစ်ဦးက “ ဟိုး ဘိုးဘွားဘီဘင် ရှေးခေတ်ကတည်းက အခုလိုဘဲ လယ်ယာ လုပ်ငန်းတွေပြီးလို့ အသီးအနှံတွေပေါ်ထွက်ချိန်ရောက်ရင် စပါးဂဋ္ဌုန်တောင်(ဖူးဟွဲစပါးလှန်းတောင်)ကို လာပြီးတော့ စပါး လိပ်ပြာခေါ်ကြတယ်၊ အဲဒီလိုစပါးလိပ်ပြာခေါ်ခြင်းအားဖြင့် ဆန်ရေစပါးပေါများတယ်၊ တစ်နှစ်စာအတွက် စုစောင်းထားတဲ့ ဆန်စပါးကနဲနေရင်တောင် အစားခံတယ်၊ ဖူလုံတယ်ပေါ့၊ ကပ်ကြီးသုံးပါးဘေးကျတယ်ဆိုရင်တောင်မှ စုဆောင်းထားတဲ့ စပါးကနည်းတယ်ဆိုပေမယ့် စားလို့မကုန်ဘူး မငတ်ဘူးပေါ့၊ ဘေးလည်းကင်းတယ်” ဟု သူ၏ယုံကြည်မှုကို ပြောပြသည်။

            ကရင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ယနေ့ခေတ်လူငယ်များအနေဖြင့် ထိန်းသိမ်းမြင့်တင်သင့်ကြောင်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုဒုတိယဥက္ကဋ္ဌ က “ကိုယ့်ရဲ့ရိုးရာဓလေ့ကို ပြောရမယ်ဆိုရင် သားစဉ်မြေးဆက်အထိကျန်အောင် ဘိုးဘွားဘီဘင်တွေကနေပြီးတော့ စပါးလိပ်ပြာခေါ်ပွဲတစ်မျိုးတည်းမကဘူး ရိုးရာဓလေ့တွေအများကြီးထားခဲ့ပေးတယ်၊ ကိုယ့်ရိုးရာဓလေ့နဲ့ ပတ်သက်ပြီးတော့ အခုခေတ်လူငယ်လေးတွေ အလေးထားပါ၊လေ့လာကြပါ၊ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့လူငယ်တွေဟာသူတို့နဲ့မသက်ဆိုင်သလိုအလေးမထားကြတော့တာတွေရှိတယ်၊ ရိုးရာဓလေ့ထိန်းသိမ်းတဲ့အပိုင်းကို ကြည့်မယ့်ဆိုရင် ကရင်လူမျိုးထဲမှာ နတ်စားတဲ့ကရင်လူမျိုးနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကရင်လူမျိုးတွေမှာဘဲ ထိန်းသိမ်း ကြတာ အများဆုံးတွေ့ရတယ်၊ လူမျိုးတစ်မျိုးရယ်လို့ဖြစ်လာပြီဆိုရင် စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ ဆိုတာ ရှိရမယ်၊ အလွန်အင်မတန်မှချစ်စရာကောင်းတဲ့ ကရင်ရိုးရာဓလေ့တွေမှာ ဒီစပါးလိပ်ပြာခေါ်ပွဲ တစ်ခုတည်းမကဘူး၊ ကျန်တာတွေလည်းအများကြီးရှိသေးတယ်၊ အဲဒါတွေအကုန်လုံးဟာ ရိုးရာနဲ့ဓလေ့ပေါင်းစပ်ထားတဲ့ အစဉ်အဆက် ထိန်းသိမ်းသင့်တာတွေချည်းဘဲ၊  ကိုယ့်ရဲ့ဓလေ့ အလေ့အထက ဒီလိုရှိတယ်၊ ရိုးရာကဒီလိုရှိတယ်ဆိုတာကို ဖော်ပြတာဘဲ၊ လူငယ်တွေကိုလည်း ကိုယ့်ရဲ့ရိုးရာဓလေ့တွေကို သေသေချာချာလေ့လာပြီးတော့ တန်ဖိုးထားထိန်းသိမ်းမြင့်တင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

            ကောက်သစ်စားပွဲနှင့် စပါးလိပ်ပြာခေါ်ပွဲတို့၏ အနှစ်သာရနှင့်အဓိပ္ပာယ်တို့မှာ တူညီသည်ဟု မှတ်သားရပြီး ကရင်ပြည်နယ်၏ နေရာဒေသတော်တော်များများတွင် ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲ(သို့)စပါးလိပ်ပြာခေါ်ပွဲ ကို တစ်ပေါင်းတည်းပူးတွဲကျင်းပလေ့ရှိသော်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာတစ်ချို့နှင့် သံလွင်မြစ်နှင့်ဒုံသမိ မြစ်ကြားရှိ ကြာအင်းပေါ်တော်မူတို့တွင်မူ စပါးလိပ်ပြာခေါ်ပွဲကို သီးခြားကျင်းပလေ့ရှိကာ ဒေသခံများ စပါးရိတ်သိမ်း ခြွေလှေ့ပြီးစီးသည့် ပြာသိုလတွင် ကျင်းပလေ့ရှိကြောင်းကို တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာ ဓလေ့များ ထိန်းသိမ်းမြှင့်တင်နိုင်ရေး ဆန္ဒမွန်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)