မင်းဘူး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာရှိ မီးဘေး သင့် ပြည်သူများ အတွက် အများပြည်သူအလှူရှင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို လွှတ်လပ်စွာ ပျော်ရွင်တတ်သော မင်းဘူး အဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက လေးအိမ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း လွှတ်လပ်စွာပျော်ရွင်တတ်သော မင်းဘူးအဖွဲ့မှ အတွင်း ရေးမှူး ကိုပိုင်စိုးသူထံက သိရသည်။
ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာတွင် ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ပေါ့ဆမီး ကြောင့် အိမ်ခြေ (၃၈)အိမ်၊ ဓမ္မာရုံတစ်လုံး၊ မီးစက်လေးလုံးနှင့် ထွန်စက် တစ်စီးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ထောင်စုပေါင်း (၃၈)စုမှ လူဦးရေ (၁၄၃)ဦး မီးဘေးသင့်ခဲ့သည်။
“လေးအိမ်စုကျေးရွာမှာ မီးလောင်ပြီး အိမ်ခြေ (၃၈) အိမ်လောက် ပါသွားတယ်ဆိုတဲ့သတင်း ကြားတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ အဲဒါကြောင့် ကိုယ်ချင်းစာစိတ်နဲ့ ကျွန်တော်တို့ လွှတ်လပ်စွာ ပျော်ရွင်တတ်သော မင်းဘူးအဖွဲ့က ဦးဆောင်ပြီးတော့ Online ကနေ တတ်နိုင်သလောက် ကူညီပေး ကြဖို့ အလှူခံလိုက်တဲ့အခါမှာ အများပြည်သူမှ စာနာမှု ဖြင့် ထည့်ဝင်လှူဒါန်းငွေက (၃၉)သိန်းကျော် ရပါတယ်။ ပစ္စည်းတန်ဖိုးနဲ့ပေါင်းလိုက်ရင်တော့ သိန်း(၅၀) ကျော်လောက် လှူဒါန်းနိုင်ခဲ့ပါတယ်”ဟု လွှတ်လပ်စွာပျော်ရွင်တတ်သော မင်းဘူးအဖွဲ့မှ အတွင်းရေးမှူး ကိုပိုင်စိုးသူက ပြောသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု တစ်စုလျှင် အလှူငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန် (၆) ပြည်၊ ဆီ (၅၀) ကျပ်ဿား၊ ခြုံစောင် (၃) ထည်၊ ပုဆိုး (၁) ထည်၊ ခေါက်ဆွဲခြောက် (၅) ထုပ်၊ ပလပ်စတစ်ဇလုံ (၁) လုံးနှင့် အဝတ်အစား များအပါအဝင် စုစုပေါင်း လှူဒါန်းပစ္စည်း (၈) မျိုးကို လွှတ်လပ်စွာ ပျော်ရွင်တတ်သော မင်းဘူးအဖွဲ့မှ အဖွဲ့ဝင်များက အလှူရှင်များကိုယ်စား သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)