ပွင့်ဖြူ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီမှ အလှူငွေများ ကောက်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့အစည်း (PGMF) မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ လာရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ကို ဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးရန် ပုံငွေလှူဒါန်းရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခွင့်ရရှိနိုင်ရန်နှင့် ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်လုပ်ကိုင်နိုင် ရေးအတွက် ရည်ရွယ်၍ အလှူငွေများကောက်ခံခြင်းများ ဆောင်ရွက်ရာ၌ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများက အလှူငွေများ လာရောက်ထည့်ဝင် လှူဒါန်းပေး ကြကြောင်း အဆိုပါ မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်ထံက သိရသည်။
ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ ပက်အပြည်ပြည်ဆိုင်ရာအသေးစားငွေရေးကြေးရေးဝန်ဆောင်မှုရန်ပုံငွေအဖွဲ့အစည်း (PGMF)မှ မန်နေဂျာ ဒေါ်ဉမ္မာသင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီထံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူလှူဒါန်းနိုင်ရေးအတွက် အလှူငွေကျပ် ၁၂ သိန်းအား လာရောက်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ချစ်ကိုကိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများက ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးများထိုးနှံနိုင်ရေးအတွက် အလှူငွေများ လာရောက် ထည့်ဝင်လှူဒါန်း ကြရာ ယနေ့အထိ အလှူ ငွေကောက်ခံရရှိမှု ငွေကျပ် သိန်း ၅၀ ကျော် ကောက်ခံရရှိနေပြီဖြစ်ကြောင်းနှင့် လှူဒါန်းလိုသူများ အနေဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးဆက်၊ ဖုန်း - ၀၉၄၀၁၅၇၂၁၅၂ သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)