မော်လမြိုင်ကျွန်းမြို့နယ် ကုတင်​(၁၀၀) ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရန် လှူဒါန်းမှုတို့ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မော်လမြိုင်ကျွန်း      ဇန်နဝါရီ ၃၁

လပွတ္တာခရိုင်၊ ​မော်လမြိုင်ကျွန်း မြို့နယ်ကုတင်(၁၀၀)ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် တပ်ဆင်လှူဒါန်းခြင်း၊ ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူရန်  အလှူငွေ လှူဒါန်းခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ယနေ့နံနက် ၁၁ နာရီက  ကျင်းပကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကုတင်(၁၀၀)ဆေးရုံကြီး အောက်ဆီဂျင် စက်တပ်ဆင်လှူဒါန်းခြင်းအတွက် စေတနာရှင်များမှ စုပေါင်းလှူဒါန်းသော ( ၁၁၂,၃၀၀,၀၀) ကျပ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ရေး ဝယ်ယူရန်အတွက် လှူဒါန်း မှု့စုစုပေါင်း ( ၂၇၀,၈၀၀,၀၀ ) ကျပ် တို့အား ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်‌ပေး အပ်သည်။

မြို့နယ်အတွင်းရှိ ​စေတနာရှင် ပြည်သူများအနေဖြင့် မြို့နယ်ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်နှင့် ဆက်စပ်ဆေးရုံးသုံး ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများ တပ်ဆင်လှူဒါန်းမှုကြောင့် ပြည်သူများအနေနှင့် မိမိတို့မြို့နယ်အတွင်းသာ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစွာ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ကိုဗစ်ကာကွယ်ဆေးဝယ်ယူ နိုင်ရေးတို့အတွက် လှူဒါန်းကြသူများအားအထူးပင်ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ စန်းဝင်း က ပြောကြားသည်။

ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ အလှူငွေများ လှူဒါန်းလိုပါက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

သီတာအောင် (ပြန်/ဆက်)