သရက် ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဟာယစာကြည့်ပိဋကတ်တိုက် စာဖတ်အသင်း၏ စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို သရက်မြို့သဟာယစာကြည့်ပိဋကတ်တိုက်၊ ရတနာပုံခန်းမတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဟာယစာကြည့်ပိဋကတ်တိုက် စာဖတ်အသင်း၏ စိန်ရတုအထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကံမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ် နှင့် သဟာယ စာကြည့်ပိဋကတ်တိုက်စာဖတ်အသင်းဥက္ကဋ္ဌ ဦးတင်ထွဋ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး စိန်ရတု အထိမ်းအမှတ် ကဗ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာပက်ဖျန်းခဲ့သည်။ ယင်းနောက် သဟာယ စာကြည့်ပိဋကတ်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာများအား တက်ရောက်လာသူ များက လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် တို့က အမှာစကားပြောကြားပြီး သဟာယ စာကြည့်ပိဋကတ်တိုက် စာဖတ်အသင်းဥက္ကဋ္ဌ ဦးတင်ထွဋ်က စိန်ရတုအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှပေးပို့ လှူဒါန်းသော စာအုပ်များ၊ အလှူရှင်များက လှူဒါန်းသောစာအုပ်များနှင့် သရက်မြို့၏ အထင်ကရ အဆောက်အဦ မှတ်တမ်းပန်းချီများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ သဟာယစာကြည့်ပိဋကတ်တိုက် စာဖတ်အသင်းဥက္ကဋ္ဌထံသို့ပေးအပ်လှူဒါန်းပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)