ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့

ဇီးကုန်း         ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ စားရေး သောက်ရေး အဆင်ပြေစေနိုင်ရန်  နိုင်ငံတော်မှ အိမ်ထောင်တစ်စုကို ကျပ်နှစ်သောင်း နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက နွားတဲကုန်းကျေးရွာအုပ်စု မြောက်လွှတ်ကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များသို့ ကျေးရွာ အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးဆောင်သော သက်ဆိုင်ရာ ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ က မြောက်လွှတ်ကုန်းကျေးရွာရှိ ထပ်တိုး အိမ်ထောင်စုဝင် (၂၄)စုအား အိမ်ထောင်တစ်စုကို နှစ်သောင်းကျပ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု (၁၇၂၇) စုရှိရာ၊ ထောက်ပံ့ငွေများကို ဌာနဆိုင်ရာများက ကြီးကြပ်ရေး အဖွဲ့များခွဲ၍ သက်ဆိုင်ရာကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)