မယ်စဲ့ ဇန်နဝါရီ ၃၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၅)ဦး ပါဝင်သော အဖွဲ့ရွေးချယ်ခြင်းကို ယမန်နေ့က ဟိုစဲ့ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များ စတင်တာဝန်ထမ်းဆောင်နိုင် ရေး အတွက် ရွေးချယ်ရာတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ မည်သူမဆို ရွေးချယ်နိုင်ပြီး မိမိတို့ ရပ်ရွာအတွက် အများအကျိုး၊ ပြည်သူ့အကျိုးလုပ်ရာတွင် အဓိကအားဖြင့် ပြည်သူများ၏ တန်းတူမှု၊ တရားမျှတမှုတို့ကို အခြေခံ၍ လုပ်နိုင်သူများဖြစ်မှသာ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိလာနိုင်မည်ဖြစ်ပြီး ရိုးသားဖြူစင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့ဖြင့် စွမ်းဆောင်ရည်မြင့်မားစွာ နိုင်ငံအကျိုး၊ ရပ်ရွာအကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သည့် အုပ်ချုပ်ရေးမှူးကောင်းများ ပေါ်ထွက်လာစေရေး စနစ်တကျရွေးချယ်ရန် လိုအပ်ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း ထံမှ သိရသည်။
ထို့နောက် ရပ်ရွာက ကြည်ညိုလေးစားကာ သိက္ခာသမာဓိရှိသူဖြစ်ပြီး နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်သော အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်နိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဟိုစဲ့ကျေးရွာ ကြီးကြပ်ရေးမှူး(၅)ဦးပါဝင်သောအဖွဲ့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)