ကြို့ပင်ကောက် ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ စီစစ်ရွေးချယ်ရန် အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယမန်နေ့ စတင်ဆောင်ရွက်လျက်ရှိသည်။
ကြီးကြပ်ရေးမှူး ရွေးချယ်သည့်ကိစ္စဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအကြီးအကဲများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ (တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေနှင့်ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေ) များနှင့်အညီ ရွေးချယ်ခန့်ထားနိုင်ရေး ကူညီဆောင်ရွက်ရန် နှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များကို ဧပြီလ (၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ရွေးချယ်ခြင်းလုပ်ငန်းစဉ် အချိန်ကာလသတ်မှတ်ချက်များအတိုင်း ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်သွားရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် အကူအညီပေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး အပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ကပြောသည်။
ကြို့ပင်ကောက်မြို့တွင် ကြီးကြပ်ရေးမှူးရွေးခြယ်ခြင်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော အကူအညီပေးရေးအဖွဲ့ (၆)ဖွဲ့ဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၉)အုပ်စုတွင် ဇန်နဝါရီလ (၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ (၃)ရက်နေ့အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)