ဂန့်ဂေါ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်ကာလအတွင်း အသက် ၁၀၀ နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေကြေးပေးအပ်ခြင်းကို ဂန့်ဂေါမြို့နယ် ခေါက်ခူ ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် အသက် ၁၀၀ နှစ်အထက် သက်ကြီးဘိုးဘွားများထံ လာရောက်ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား များကိုလည်း ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ပါတယ်၊ ဂန့်ဂေါမြို့နယ်မှာတော့ အသက် ၁၀၀ နှစ်အထက် သက်ကြီးဘိုးဘွား ၂ ဦး ရှိပါတယ်၊ ကျွန်းခုံသာရွာက ဒေါ်ထွေးမယ်နဲ့ ခေါက်ခူကျေးရွာက ဦးအေးမောင် တို့ဖြစ်ပါတယ်၊ ၁ ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ၁ ကြိမ်သာ ထောက်ပံ့ခြင်း ဖြစ်ပါတယ်၊ ကိုဗစ်ကာလမှာ အဟာရရှိတဲ့ အစားအစာတွေ ဝယ်စားဖြစ်အောင်နဲ့ လိုအပ်တဲ့ဆေးဝါးတွေ ကိုဝယ်ဖို့ ရည်ရွယ်ချက်တွေနဲ့ လာရောက်ထောက်ပံ့ခြင်း ဖြစ်တယ် ဟု ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးလှဦးက ပြောသည်။
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် အသက် ၁၀၀ နှစ်အထက် သက်ကြီးဘိုးဘွား (၇)ဦး၊ ဆောမြို့နယ်တွင် (၅) ဦးနှင့် ဂန့်ဂေါမြို့နယ်တွင် (၂)ဦး စုစုပေါင်း (၁၄) ဦး ရှိကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)