ပဲခူး ဇန်နဝါရီ ၃၁
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ စာသင်တိုက် ဆရာတော်တို့မှ ယမန်နေ့ မွန်းလွဲ(၂) နာရီ အချိန်က အဆိုပါကျောင်းတိုက်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း အမှူးပြုသော ဒါယကာ၊ ဒါယိကာမများက နမောတဿသုံးကြိမ် ရွတ်ဆို ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ရွှေချောင်းတောရ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ မြို့နယ်သံဃနာယကဥက္ကဌ (ရွှေကျင်) တို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာမြွတ်ကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားခဲ့သည်။
ယင်းနောက် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်နှင့် တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းထားသော အလှူငွေကျပ်သိန်း(၁၁၀၀)အား ဆရာတော်ကိုယ်စား တပည့်ဒါယကာတစ်ဦးမှလည်းကောင်း၊ ရွှေချောင်းတောရစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ မြို့နယ်သံဃနာယကဥက္ကဌ (ရွှေကျင်)နှင့် တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသော အလှူငွေကျပ်သိန်း(၇၀) အား ဆရာတော်၏ ကိုယ်စား တပည့်ဒါယကာ တစ်ဦးမှလည်းကောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)