ကော့သောင်းမြို့တွင် တောမီးလောင်မှုဖြစ်ပွား

ကော့သောင်း ဇန်နဝါရီ  ၃၁

ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် ၊ ရွှေပြည်သာသုသာန်အဝင်လမ်း ဝဲဖက်တောင်စောင်းတစ်လျှောက် ယမန်နေ့ ညနေပိုင်း က တောမီးလောင်ကျွမ်း မှုဖြစ်စဉ်တစ်ခုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ တောမီးလောင်ကျွမ်းသည့်နေရာ၌ဥယျဉ်ခြံစိုက်ပျိုးသီးနှံအဖြစ် ရာဘာစိုက်ခင်းများနှင့်နီးစပ်လျက်ရှိပြီး အဆိုပါ နေရာတစ်ဝိုက် ပူးပြင်း ခြောက်သွေ့မှုကြောင့် ကိုင်းပင်ခြုံပင်များခြောက်သွေ့နေရာ စည်းကမ်းမဲ့သူတစ်ချို့၏ ဆေးလိပ်မီး မဆင်မခြင်စွန့်ပစ်မှုကြောင့် ခြုံပင်များမှတစ်ဆင့် အနီးအနား ခြောက်သွေ့နေသည့် ခြုံပုတ်များသို့ လေတိုက်မှုပင့်အားကြောင့် မီးစတင်ကူးစက် လောင်ကျွမ်းရာ မီးလောင်မှု တဖြည်းဖြည်း ကြီးမားလာသဖြင့် ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းဦးပါ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် ရပ်ကွက် ပြည်သူများက ပူးပေါင်းကာ မီးသတ်ယာဉ် (၂)စီးဖြင့် အရေးပေါ်သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး  မီနစ်သုံးဆယ်ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အနီးအနားဥယျဉ်ခြံများသို့ကူးစက်လောင်ကျွမ်းမှု မဖြစ်ပွားခဲ့သော်လည်း   ပူးပြင်ခြောက်သွေ့သည့် နွေရာသီ ရောက်တိုင်း အဆိုပါ တောမီးလောင်ကျွမ်းရာနှင့် တဆက်တစပ်တည်းရှိသည့်  တောင်ကြောတစ်လျှောက် စည်းကမ်းမဲ့သူ တစ်ချို့ကြောင့် တောမီးများ နှစ်စဉ် ကြီးမားစွာလောင်ကျွမ်းလေ့ရှိကာ  တောင်ကြောတစ်လျှေက်စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံစိုက်ခင်းများမီးလောင်ဆုံးရှုံးမှုများ ဖြစ်ပေါ်လေ့ ရှိသဖြင့် မီးသတိပြုကြရေး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မီးသတ်ဦးစီးဌာနမှ မြို့နေပြည်သူများသို့ အသိပေးနိုးဆော်မှုများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

 ကျော်စိုး (ကော့သောင်း)