ရေတာရှည်မြို့နယ်တွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ရေတာရှည် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်း က ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဇင်၊ တောင်ငူခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေး ကြည့်ရှုခဲ့ရာ တာဝန်ခံ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ တာဝန်ရှိသူများက ထယ်ထိုးခြင်း၊ ကန်သင်းဖော်ခြင်း၊ မြေညှိခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကွင်းပတ်လမ်းများဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ထက် တောင်သူများ၏ ရေရှည်အကျိုးစီးပွားကို ငဲ့ကွက်၍ စေတနာပါပါဖြင့်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ရေတာရှည်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေဖြင့် ကြံသနွယ်ကျေးရွာ အုပ်စု၊ စိုင်တမော့ကြီးကျေးရွာ ကွင်းအမှတ် ၆၇၀-က တွင်  လယ်ယာမြေ ၁၈၅ ဧက၊ ခင်တန်းကြီးကျေးရွာ အုပ်စု၊ တောင်နီကုန်းကျေးရွာ ကွင်းအမှတ် ၆၆၁ တွင် လယ်ယာမြေ ၃၃၄ ဧက၊ သပြေတန်းကျေးရွာ အုပ်စု၊ ဝါးတောကြီးကျေးရွာ ကွင်းအမှတ် ၆၃၉-က တွင် လယ်ယာမြေ ၁၅၄ ဒသမ ၂၃   ဧကတို့အား ယခုနှစ် မိုးရာသီအမှီ စနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း     မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနရုံးမှ သိရှိရသည်။

ဆု(ပြန်/ဆက်)