ဒီးမော့ဆိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း

ဒီးမော့ဆို       ဇန်နဝါရီ        ၃၁

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သစ် ရွေးချယ်နိုင်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်း မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ဖွဲ့စည်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် ဦးဆောင်သော မြို့နယ်အဆင့် အကူအညီပေးရေးအဖွဲ့များက ဒီးမော့ဆိုမြို့နယ်ရှိ မြို့မ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ အုပ်စု၊ နန်းမယ်ခုံမြို့ရှိ ရပ်ကွက် လေးရပ်ကွက်သို့ သွားရောက်၍ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်(၅)ဦးအား ရွေးချယ်ဖွဲ့စည်းခဲ့သည်။

လက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များအား ဧပြီလ ၁ ရက်နေ့တွင် စတင်တာဝန်ထမ်းရမည်ဖြစ်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)