ပွင့်ဖြူ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံ စိုက်ခင်း များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် ကုလားပဲသီးနှံရိတ်သိမ်းသည့်အချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရ သည်။
ပွင့်ဖြူမြို့နယ်သည် ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ကျေးရွာများရှိ တောင်သူများက ဥယျာဉ်ခြံမြေများ ပြုစု ပျိုးထောင်ပြီး စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် သရက် ၊ လျှော်ဖြူ ၊ သနပ်ခါး ၊ မန်ဂျက်ရှား ၊ ဇီး စသဖြင့် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ကျေးရွာအများစုရှိ တောင်သူများမှာ စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်သည့်အတွက်ကြောင့် ၁၂ လ ရာသီ သီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်းရာသီတွင် တောင်သူများ ဆောင်းသီးနှံ အဖြစ် စိုက်ပျိုးထားသည့် ကုလားပဲသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ တောင်သူများက ကုလားပဲသီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေး ပိုးသတ်ဆေး ဖျန်းခြင်းနှင့် သီးနှံအောင်ရေရရှိရေးအတွက် ရေဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်နေကြကြောင်း သိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ တောင်သူတွေ ဆောင်းသီးနှံအဖြစ် ကုလားပဲသီးနှံကို နှစ်စဉ် အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ကုလားပဲသီးနှံစိုက်ပျိုးရာမှာ ကုလားပဲဖြူလုံးကြီးနှင့် ကုလားပဲဖြူလုံးသေး (၂)မျိုး ရှိပါတယ်။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတာကတော့ ကုလားပဲဖြူလုံးကြီးကို စိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာတော့ တောင်သူတွေ စိုက်ပျိုးတဲ့ ဆောင်းသီးနှံကုလားပဲစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် ရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိဖို့အတွက် တောင်သူတွေက မျှော်လင့်နေကပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင် စောက် ကျေးရွာမှ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးတောင်သူ ဦးကျော်ဆန်း က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )