ရန်ကုန်မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းမှ ကျောက်တံခါးမြို့နယ်အတွင်း (၁၇) မိုင်အဆန်လမ်း တည်ဆောက် ပြီးစီး၍ မြေထိန်းနံရံများ တည်ဆောက်နေ

ကျောက်တံခါး  ဇန်နဝါရီ  ၃၀

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အပိုင်း (၁) ညောင်လေးပင် -တောင်ငူ လမ်းပိုင်း (၁၁၆) ကီလိုမီတာ    (၇၂) မိုင်အား ၅-၁-၂၀၁၈ မှ ၄-၁၁-၂၀၂၂ ရက်နေ့အထိ (၄၈) လကြာ၊ တိုကျုး ဆောက်လုပ်ရေး ကုမ္ပဏီ (Japan) မှ မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လျာထား​ဆောင်ရွက်လျက်ရှိရာ​ ညောင်လေးပင် မြို့နယ်မှ ပိန်းဇလုပ်ဘူတာနှင့်​  ကျောက်တံခါးမြို့နယ်မှ   တောကျွဲအင်း ဘူတာအကြား (၁၇) မိုင် မီးရထား သံလမ်း အဆန်လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

အဆိုပါပြီးစီးသွားသည့် ညောင်​လေးပင်မြို့နယ်မှ ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါးမြို့နယ် အတွင်းမှ တောကျွဲအင်းဘူတာ အကြား (၁၇) မိုင် မီးရထားအဆန်လမ်း၏ မြေထိန်းနံရံများ   မြေပြိုကျမှု မရှိစေရေးအတွက်​ ကျောက်စီ မြေထိန်းနံရံများကို တည်​ဆောက်လျက်ရှိ​သည်။​

ကျောက်စီ​ မြေထိန်းနံရံများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မီးရထားလမ်းဘေးတွင် ချည်းကပ်လမ်းများ ဖောက်လုပ်ခြင်း မြေသားဖို့ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် မီးရထားလမ်းစီမံကိန်း ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဦးဝင်းမြင့်နှင့်အဖွဲ့က ယမန်​နေ့က​ကျောက်တံခါးမြို့နယ် မီရထားလမ်းပိုင်းဘေးတွင် နေထိုင်သည့် ပြည်သူများ၊ ဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော်များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မည့်  အနေအထားနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာမှု မရှိစေဘဲ လုပ်ငန်းများ​ ဆောင်ရွက်မည့် အ​ခြေအ​နေအား ရှင်းလင်း​ဆွေး​နွေးခဲ့သည်။ ဆက်လက်၍ ပြည်သူများက ယမန်နှစ် မိုးရာသီကာလတွင် တံတားများ တည်ဆောက်နေသည့်နေရာ၌ ရေများစီးဆင်းမှု ပိတ်ဆို့၍ ကျောက်တံခါးမြို့၏ အနောက် ဘက်ခြမ်းရပ်ကွက်  ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များကို တင်ပြခဲ့ရာ မီးရထာစီမံကိန်း ပြည်သူ့ ဆက်ဆံရေးမန်နေဂျာက ယခုလာမည့်မိုးရာသီတွင်  ရေကြီးမှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ဆောင်သွားမည့် အခြေအနေများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)