ကော့ကရိတ်မြို့နယ်တွင် CDD စီမံကိန်းလုပ်ငန်းများအား ပြည်နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ကော့ကရိတ် ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော  လူထုဗဟိုပြုစီမံကိန်းမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသော ရေပူကြီးအုပ်စု လေးတိုင်ကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ရေကျော်ကြီး အုပ်စု တံတားကျိုး ကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းတို့အား ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့် မြို့နယ်ကျေးလက် ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့ တို့မှ ယမန်​​နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြား​ရေးမှူး ဦးစတင့်​ဝေမှ သက်ဆိုင်ရာ ကွင်းဆင်း ဝန်ထမ်းများ၊ ကျေးရွာကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးနှင့်ပတ်သက်၍ အိမ်ထောင်စုမိသားစုများမှ ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာရမည့် အချက်များ၊ လက်ရှိဆောင်ရွက်ခဲ့သော လုပ်ငန်းအပေါ် ရေရှည်တည်တံ့စေရန် လည်ပတ် ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များထားရှိ​​ရေး၊ သက်မှတ်ထားသော စံသက်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားမှုနှင့် လိုအပ်သောစာရွက် စာတမ်းများ ကြိုတင်ပြင်ဆင်ထား​​ရေး၊ လာမည့်နှစ် စီမံကိန်း လုပ်ငန်းများအတွက် အုပ်စုအတွင်းရှိ ကျေးရွာအချင်းချင်း ရန်ပုံငွေများအား သာတူညီမျှမှုရှိစွာဖြင့် ခွဲဝေ၍ အမှန်တကယ် လိုအပ်ချက်ရှိသော လုပ်ငန်းများကို ဦးစားပေးရွေးချယ် လုပ်ဆောင်စေ​ရေးတို့ကို အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းသည့် လေးတိုင်ကျေးရွာ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းမှာ စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၂၇၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လက်ရှိကျေးရွာအိမ်ခြေ (၁၃၈)၏ လူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး ကိစ္စများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့အတူ တံတားကျိုးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းမှာ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၃၀)ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာမှ မိုးရာသီ သွားလာရေး အခက်အခဲများမှ ကင်းဝေးမည့်အပြင် လူမှု​ရေးကိစ္စရပ်များ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများအတွက် အချိန်မရွေး သွားလာရန် လွယ်ကူမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)