ဒီးမော့ဆို ဇန်နဝါရီ ၃၀
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာ ၃ ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ကယားပြည်နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၀ ယူနစ် ရရှိသည့်အနက် ဒီးမော့ဆို မြို့နယ်အတွက် ၃ ယူနစ် ပါဝင်ကြောင်း၊ စီမံကိန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာသုံးရွာသည် ကျေးရွာသစ်များ ဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မြို့နယ်နှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းသည် အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြစ်သည့်အတွက် ရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာ ကော်မတီဝင်များ ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးစောဒီးဒီ က ဌာနမှ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကို ရှင်းလင်း ပြောကြားပြီး မြို့နယ် ဦးစီးမှူး ဒေါ်နော်ချောစု က မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ ကော်မတီများနှင့် ကျေးရွာကော်မတီ အဖွဲ့ဝင်များက စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်မှု သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးပြီး ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ၃ ယူနစ် (တစ်ယူနစ်လျှင် ငွေကျပ် ၃၀၀ သိန်း)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၃ ရွာဖြစ်သော လွီးကထိ၊ ဒေါဆီးအီနှင့် အို့ခူးရီးကျေးရွာတို့အား တစ်ရွာလျှင် ငွေကျပ် ၃၀၀ သိန်း၊ စုစုပေါင်း ငွေကျပ် ၉၀၀ သိန်း ကို ကျေးရွာကော်မတီထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)