ကျောက်ထု ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသရှိ တောင်ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် ဝဥများစိုက်ပျိုးခဲ့ရာ ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး ယခုအခါ တူးဖော်ရောင်းချ နေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ထုဒေသတွင် ဝဥစိုက်ပျိုးဧက ၇၀၀ ကျော်ရှိပြီး၊ တစ်ဧကလျှင် ဝဥ မျိုးစေ့ ပိဿာချိန် (၂၀)ခန့် ထည့်သွင်းစိုက်ပျိုးကြရပြီး၊ မျိုးထည့်သွင်း စိုက်ပျိုးချိန်မှစ၍ (၃)နှစ်ခန့်ထားရှိ စိုက်ပျိုးကြရသည်။ သီးနှံဖော်ထုတ်ချိန်၌ တစ်ဧကလျှင် ပိဿာချိန် (၂၀၀၀)ခန့် ရရှိကြောင်း သိရသည်။
ဝဥစိုက်ပျိုးရာတွင် ပထမဦးစွာဝဥစိုက်ပျိုးရန် မြေပြင်ပြီးကျင်းတူးထားရှိရသည်။ ကျင်းအတွင်းသို့ သဘာဝမြေဩဇာနှင့် တိရစ္ဆာန်၏ အညစ်အကြေးများအား ထည့်သွင်းမြေပြင် ထားကြရသည်။ ထို့နောက် မိုးဥကျကာလ၌ မျိုးဥများအား ထည့်သွင်း စိုက်ပျိုးကြရကြောင်း သိရသည်။
မျိုးဥများ အပင်များ ဖြစ်ထွန်းအောင်မြင်ချိန်၌ မျိုးသီးများ ပြန်လည်ရရှိပြီး စိုက်ပျိုးသည့် မျိုးဖိုးအား ပြန်လည်ကာမိကြောင်းနှင့် ထွက်ရှိလာသော ဝဥများအား မန္တလေးမြို့ရှိပွဲရုံများသို့ ပို့ဆောင် ရောင်းချကြပြီး ဝဥအခြောက် တစ်ပိဿာလျှင် တစ်သောင်း ကျပ်နှုန်းနှင့် ဝဥအစိုတစ်ပိဿာလျှင် တစ်ထောင်ကျပ်နှုန်း ရောင်းချကြရကြောင်း ဝဥစိုက်ပျိုးတောင်သူ ဦးလိန်းထန်း၏ ပြောကြားချက်အရ သိရသည်။
မောဟေမာန်(ပြန်/ဆက်)