ဝန်းသို ဇန်နဝါရီ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ "၀"ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ်(၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေတို့က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား /သူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ပြီး "၀"ဥမျိုးစေ့ ပိဿာအချိန်(၅၀)ကိုလည်းထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး "၀"ဥ စိုက်ပျိုးနည်း၊ ကောက်ရိုးယူရီရား ပြုလုပ်နည်း၊ တိုင်းရင်းကြက်မွေးမြူရေးကျင့်စဉ်၊ တိရစ္ဆာန်ကူးစပ်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မြေ၊ မျိုး၊ ပိုး၊ သီးနှံကာကွယ်ရေးသိကောင်းစရာများ၊ သဘာဝမြေဩဇာပြုလုပ်နည်း စသည့်ဘာသာရပ်များကို သင်တန်းကာလ (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)