လှိုင်းဘွဲ ဇန်နဝါရီလ ၃၀
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ် (၃၅၆)သိန်းကို ယမန်နေ့က ကွမ်တာကျေးရွာအုပ်စု ကွမ်တာကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ချေးပေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွမ်တာကျေးရွာတွင် COVID-19 ရောဂါ ကာလအတွင်း စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းဝယ်လုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် မြစိမ်းရောင်စီမံကိန်း အသင်းဝင် ၇၂ ဦးအား အတိုးငွေ၁ကျပ်နှုန်းဖြင့် ချေးငွေကျပ် (၃၅၆)သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပေးခြင်းဖြင့် ကျေးရွာလူထုများအလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေများ တိုးပွားလာခြင်း၊ ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ခြင်း၊ မြစိမ်းရောင်စီမံကိန်းမှ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက်အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူး များရရှိစေမည်ဖြစ်ပြီး ကျေးရွာလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသောလူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက် များဖြင့် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)