ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို အသွားအလာ တားမြစ်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထုတ်ပြန်

ငဖဲ ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ အသွားအလာတားမြစ် ကန့်သတ်နယ်မြေများ အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့ပေါ်တွင် အနံ့ပျောက်သူတွေ ရှိလာတာပါ၊ ဇန်နဝါရီလ ၂၈ ရက် မနေ့က အနံ့မရရှိတဲ့ သူတွေကို RDT Test Kit နဲ့ စစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၃)ဦး အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုး(၈)ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်၊ ဒီနေ့မနက်ပိုင်း မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ပိုးတွေ့ရှိသူများနဲ့ ထိစပ်မိသူတွေကို ထပ်မံစစ်ဆေးရာမှာ(၁၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ မြို့ပေါ် ရပ်ကွက်အတွင်း ပိုးတွေ့လူနာများစွာ တွေ့ရှိခဲ့တဲ့အတွက် ပိုးတွေ့လူနာနဲ့ ထိစပ်မိသူတွေ အများအပြားရှိလာတာဖြစ်ပါတယ်၊ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုပျံ့နှံ့မှု မရှိစေဖို့ ငဖဲမြို့ပေါ် ရပ်ကွက်အားလုံးကို ဒီနေ့မွန်းတည့် ၁၂ နာရီ အချိန်ကစပြီး အသွားအလာ တားမြစ်ကန့်သတ်တဲ့ နယ်မြေအဖြစ်သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်က ပြောသည်။ လက်ရှိတွင် ပိုးတွေ့အတည်ပြုလူနာများနှင့် ထိစပ်မိသူများအား ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် Facility Quarantine ထားရှိပြီး၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၉)ဦးမှာ ငဖဲမြို့ပြည်သူ့ဆေးရုံတွင်ထားရှိပြီး ဆေးဝါးကုသမှုကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)