တနင်္သာရီ ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာအနီး ဒေသအခေါ်(ငါးစရံ့နီချောင်း)ထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ ယမန်နေ့ မွန်းလွှဲပိုင်းက မောတောင်နယ်မြေစခန်း စခန်းမှူးနှင့်တာဝန်ရှိသူများသည် သက်သေများဖြစ်ကြသော ချောင်းလမုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ချောင်းလမုကျေးရွာနေ ဦးအောင်ကျော်လွင်သည် နေအိမ်၏ယာဘက်ကိုက် (၅၀) ခန့်အကွာရှိ ဒေသအခေါ် ငါးရံ့နီချောင်းကမ်းစပ်၌ မှောက်လျက် အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
သေဆုံးသူသည် ဇန်နဝါရီလ ၂၇ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၌ ချောင်းလမုကျေးရွာထဲသို့ အရက်ဝယ်ယူရန် နေအိမ်မှ ထွက်ခွာသွားပြီး ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီ အချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေစဉ် နံနက် ၁၁ နာရီ အချိန်ခန့်တွင် ယခုကဲ့သို့ ငါးရံ့နီချောင်းစပ်တွင် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့သတင်းပို့ခဲ့ကြောင်း၊ သေဆုံးသူမှာ အတတ်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအောင်ကျော်လွင်၊ ချောင်းလမုကျေးရွာနေသူသေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)