ကျောက်တံခါး ဇန်နဝါရီ ၂၉
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ ကိုဗစ်-၁၉ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်လျှက်ရှိသည့် ပရဟိတအဖွဲ့ဝင်များအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် လူနာများကို အရေးပေါ်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းကော်မတီအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်ပရဟိတ လူမှုရေးအသင်းအဖွဲများမှ စုစုပေါင်း (၃၂)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးခဲ့သည်။
ဆေးထိုးစုရပ်၌ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (Medical Cover Team)အဖြစ် လက်ထောက်ဆရာဝန် ဒေါက်တာထူးညီညီနှင့် အထက်တန်းသူနာပြုဆရာမကြီးဒေါ်သီသီလှိုင် ဦးဆောင်သောအဖွဲ့တို့မှဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဒုတိယအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို (၂၈)ရက်ကြာလျှင် ထပ်မံ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ကိုလည်းအလှည့်ကျထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံးမှ သိရသည်။
စန်းစန်း(ပြန်/ဆက်)