ပွင့်ဖြူ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရေး ဇန်နဝါရီ ၂၉ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒေါ်ဝေဇင်ဝင်း (အငယ်တန်းအင်ဂျင်နီယာ - ၂)နှင့် ဝန်ထမ်းများ အဖွဲ့က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ဝေဇင်ဝင်း (အငယ်တန်း အင်ဂျင်နီယာ - ၂) ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကျေးရွာလမ်းလုပ်ငန်းကော်မတီဝင်များ လိုက်ပါ၍ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၂၁) သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၉၄၂၅ ပေ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း ခင်းကျင်းဆောင်ရွက်နေမှုအား သတ်မှတ် လုပ်ငန်းအရည် အသွေး ပြည့်မီမှု ရှိ/မရှိ တိုင်းတာစစ်ဆေးရာ ကျေးရွာလမ်းလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ကျေးရွာတွင်းလမ်း မြေနီ ကျောက်စရစ်လမ်း ခင်းကျင်းဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီ ပြီးစီးရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လိုက်လံရှင်းလင်းပြသရာ ဝန်ထမ်းများအဖွဲ့က ကျေးရွာနေ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ်စံချိန်စံ ညွှန်းများ ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်လမ်းခင်းကျင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးရွာနေပြည်သူများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့တွင် ကျေးရွာနေပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုကြောင့် ကျေးရွာတွင်းမြေနီကျောက်စရစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )