စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခြင်ပြစ်ကိုင်း မြစိမ်းရောင်စီမံကိန်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှု

စေတုတ္တရာ  ဇန်နဝါရီ  ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ခြင်ပြစ်ကိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အ ခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း   သိရသည်။

အဆိုပါ ခြင်ပြစ်ကိုင်းမြစိမ်းရောင် စီမံကိန်းကျေးရွာတွင် စီမံကိန်းအတိုးရငွေ၏ (၅၀) ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်း၏ ကြီးကြပ်မှုဖြင့်  မြစိမ်းရောင်ကော်မတီဝင်(၂)ဦးနှင့် ကျေးရွာမှတင်မြောက်သည့် ကော်မတီဝင် (၅) ဦး၊ စုစုပေါင်း (၇)ဦးဖြင့် ကော်မတီအဖွဲ့အား ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်သည့် ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် မြေပြင် အခြေအနေအား ကော်မတီဝင် များနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း များကို အကောင်အထည်‌ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် အထိ ကျေးရွာ(၁၉)ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ကျေးရွာ(၃)ရွာတွင် (၂)ယူနစ်စနစ်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)