ဘောဂလိ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘောဂလိမြို့ ၊ ချောင်းမငယ်ကျေးရွာအုပ်စု ၊ လွန်ဘူး ကျေးရွာ တွင် ဆောင်ရွက် ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ဘောဂလိမြို့ ဌာနဆိုင်ရာပူးပေါင်းရေးအဖွဲ့ အုပ်စု(၂)မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့ကျော် (မွေး/ကု) မှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ်စည်းကမ်းချက် များနှင့် အညီ ဘောဂလိမြို့ ၊ ချောင်းမငယ်ကျေးရွာအုပ်စု လွန်ဘူးကျေးရွာတွင် ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘောဂလိမြို့ ဌာနဆိုင်ရာပူးပေါင်းရေးအဖွဲ့ အုပ်စု(၂)တွင် သံတောင်ကြီးမြို့နယ်၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာချမ်းမြေ့ကျော်၊ ဘောဂလိမြို့ စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးဦးနေဝင်း၊ စည်ပင်သာယာရေးဦးစီးဌာန တာဝန်ခံဦးဝေဖြိုးမောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးမှုး ဦးကျော်မျိုးခိုင်နှင့် တာဝန်ရှိသူ တို့ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)