ဟားခါး၌ လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီအစဉ်အရ ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား သုံးလစာစုပေါင်း ထောက်ပံ့ပေးအပ်

ဟားခါး  ဇန်နဝါရီ  ၂၉

လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အရ ထောက်ပံ့ပေးသည့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးမှု (Maternal and Child Cash Transfer-MCCT) ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှ(၂)နှစ် ထိကလေးများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်‌၏ ပထမသုံးလပတ်( အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၇၀၃၅)ဦးနှင့် မွေးစမှ(၂)နှစ်ထိကလေး (၁၅၈၄၇)ဦး စုစုပေါင်း (၃၂၈၈၂)ဦးအတွက် ပထမသုံးလပတ် ငွေကျပ် (၁၄၀၆၅၉၅၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများကို ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်(၉)မြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးအပ်ကာ ထိုမှတစ်ဆင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များမှ ပြည်နယ်အတွင်းရှိ အကျိုးခံစားခွင့် ရှိသူများထံ လက်ဝယ်အရောက် တာဝန်ယူထုတ်ပေးလျက်ရှိသည်။

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ မွေးစမှ(၂)နှစ်ထိ ကလေးများ၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများ စသည့်နိုင်ငံတော်မှ အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပေးကြေညာခြင်း လုပ်ငန်းများကိုလည်းကောင်း မြို့နယ်အလိုက်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်၌ ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်၍ ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးစမှ(၂)နှစ် ထိကလေးများကို MCCT အစီအစဉ်အရ စတင်ထောက်ပံ့ခဲ့ပြီး ယခုတွင် အကြိမ်ရေအားဖြင့် (၁၉)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

အောင်ခွီးရှိန်း(ပြန်/ဆက်)