တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) နှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တမူး ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဉ်သွားလာနေသော စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က တမူးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် တမူးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးနန္ဒလှသွင်၊ ဦး​​မြင့်ဦး၊ ​မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးလေးမော်နှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်-၁ ဒေါ်ညောင်ငိုက်ဟွဲနှင့် ဝန်ထမ်းများ၊ တမူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့မစျေးကော်မတီဝင်များမှ စျေးအတွင်း ရောင်းချနေသော စျေးသည်များ၊ စျေးဝယ်ယူသူများအား နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်၍ စျေးရောင်းချခြင်း၊ စျေးဝယ်ယူခြင်းများ ရှိ/ မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး စျေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်ခြင်းမရှိဘဲ စျေးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် စျေးရောင်းချခွင့် (၃) ရက် ပိတ်သိမ်းခြင်း၊ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက စျေးရောင်းချခွင့် (၇) ရက် ပိတ်သိမ်းခြင်းနှင့် လုံးဝလိုက်နာမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းခဲ့​​ပြီး စည်းကမ်း မလိုက်နာသည့် စျေးဆိုင်တို့မှ စျေးရောင်း ချသူများအား ခံဝန်ကတိလက်မှတ်များရေးထိုးစေ၍ သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တမူးမြို့၊ မြို့မစျေးအတွင်း မကြာမီရက်ပိုင်းအတွင်းကကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့သည့် အတွက် အထူးကြပ်မတ် စစ်ဆေးလျက်ရှိပြီး စျေးကော်မတီရုံးမှလည်း ​ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များကို စနစ်တကျ လိုက်နာမှု ရှိစေရေးတို့အတွက် နေ့စဥ်အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနိုးဆော်  လျက်ရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)