မိုင်းပန်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

 

မိုင်းပန် ဇန်နဝါရီ           ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ  ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နေ့လည် (၂)နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာန၊ အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာတင်ခိုင်တို့၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့က ကာကွယ်ဆေးထိုးမည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၅၄) ဦးတို့အား ဆေးမထိုးမီ တစ်ဦးချင်းစီ သွေးပေါင်ချိန်တိုင်းခြင်းနှင့် လိုအပ်သည့် ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မိုင်းပန်မြို့နယ်တွင် ပထမဦးဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခဲ့သူမှ မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြုဆရာမ ဒေါ်လှယုရွှေ ဖြစ်ကြောင်းသိရသည်။

ထို့သို့ COVISHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး၍ ကာကွယ်ဆေးထိုးနှံပြီးသူများအား အန္တရာယ်တစ်စုံတစ်ရာ ရှိ၊ မရှိ သိရှိနိုင်စေရန်အတွက် မိနစ်(၃၀)ကြာ အနားယူ‌စောင့်ကြည့်ပြီးမှသာ ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် (၂)ကြိမ် ထိုးနှံရမည်ဖြစ်သည့်အတွက် ပထမအကြိမ် ထိုးနှံပြီးသည့်နောက် ရက်သတ္တပတ်(၄)ပတ်ခြားလျှင် ဒုတိယအကြိမ်ထပ်မံ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆန်းမြင့် (ပြန်/ဆက်)