ကသာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်

ကသာ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က ကသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ကသာမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား အိမ်ထောင်စုများသို့ ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ရာတွင် အဖွဲ့များစုပြီး အိမ်အရောက် စနစ်တကျပေးအပ်ရန်၊ စာရင်းများ ကောက်ယူရာတွင် ရသင့်ရထိုက်သည့် အိမ်ထောင်စုများ မကျန်စေရန် စသည်တို့ကို အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကသာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၃၆၁၆)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၇၂၃)သိန်း ကျော်ကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ယင်းထောက်ပံ့ငွေများကို အဆိုပါအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခြေခံလူတန်းစားအိမ်ထောင်စုများ၏ အိမ်သို့ သွားရောက်၍ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးညီညီထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ကြောင်း သိရသည်။

ရဲအောင်(ကသာ)